Thursday, September 25, 2014

***ဒီဇင်ဘာ အိပ်မက်***


ခေါက်ရိုးကျိုးအလွမ်းတွေပွေ့ပိုက်ရင်း
ဒီဇင်ဘာရေ...
တကျော့ပြန်ရောက်လာပြီပေါ့နော်...

လျှောက်ခဲ့ရတဲ့လမ်းတွေက
အကွေ့အကောက်နဲ့
အလင်းပျောက်ပျောက်
အမှောင်တောက်တောက်နဲ့ပေါ့...

ဆောင်းလေပြေတွေက
မပြောင်းလဲသည့်
ဒီဇင်ဘာရဲ့အေးမြမှု
ကြယ်တာရာရဲ့လင်းလက်မှု
ငွေနှင်းမှုန်ရဲ့ကြွေလင့်ဆင်းသက်မှု
ဒီဇင်ဘာရဲ့အငွေ့အသက်တွေကို
ဆောင်ကျဉ်းလာပေမယ့်
ဒီဇင်ဘာမှာနင်မရှိတော့
ဒီဇင်ဘာဆိုတာ
ဟာတာတာကြီးဖြစ်လို့ပေါ့....

နင်မရှိတဲ့ ဒီ...ဒီဇင်ဘာမှာ
အဓိပ္ပါယ်တွေပြီးပြည့်စုံခဲ့တဲ့
ဒီဇင်ဘာ အိပ်မက်နန်းတော်လည်း
အေးစက်စက်နဲ့ခြောက်ကပ်လို့...

ဒီဇင်ဘာရဲ့
ဝင်သက်ထွက်သက်တိုင်းမှာ
နင့်အငွေ့အသက်နဲ့
အားယူလျှောက်လှမ်းခဲ့ရပေမယ့်
လမင်းမရှိတဲ့ညလို
စမ်းတ၀ါးဝါးနဲ့ပေါ့...

နင်ရောက်ရောက်လာတတ်တဲ့
ငါ့ရဲ့မျှော်လင့်ကြိုးမျှင်ချည်နှောင်ရာ
ငါ့ဒီဇင်ဘာ အိပ်မက်လည်း
ဆုံးခန်းတိုင်အောင်
မက်ခွင့်ရယ်မရှိ
ကြေကွဲခြင်းနဲ့သာ
နိုးထနေရပေါ့....

အိပ်မက်ထဲမှာတောင်
အေးစက်စက်နင့်အကြည့်တွေက
ဒီဇင်ဘာဆောင်းနှင်းနဲ့များ
ပြိုင်နေရော့လား...

နိုးတ၀က်ဆောင်းညမှာ
 ဒီအိပ်မက်အပိုင်းအစတွေ
သံစဉ်ကာရန်မဲ့
နရီစည်းချက်ပျက်
ကျိုးပဲ့နေရင်းက
ထားရစ်ပျောက်လွင့်ပြန်ပေါ့...

တဆစ်ဆစ်နာနေတဲ့အသည်း
အထီးကျန်  ဒီဇင်ဘာဆောင်းညမှာ
အလွမ်းကို အဖော်ပြု
တိတ်ဆိတ်စွာ ငိုကြွေးရင်းက
ငါ့ ဒီဇင်ဘာ အိပ်မက်ထဲ
နင် ထပ်လာလေဦးမလားဆိုတဲ့
မျှော်လင့်ချက်ပါးပါးလေးနဲ့
ငါတမ်းတစောင့်စားနေမိလိုက်တာ

ဟိုး.........
အရှေ့တောင်တန်းဆီက
နေခြည်တန်းလေး
ငါ့အိပ်မက်ဘေးကို
ရေးရေးလေးဖြတ်သန်းလာပါပေါ့လား....



Snow Hninn
3.12.2013
***ဒီဇင်ဘာ အိပ်မက်***
my own poem*48*

No comments: